လေထုညစ်ညမ်းခြင်းကြောင့် အဆုတ်ကို ထိခိုက်ခြင်း
လေထု ညစ်ညမ်းတယ် ဆိုတာ ကားတွေ တဝီဝီ ၊ လူတွေ တစည်စည်၊ မီးခိုးတွေ တလူလူ ဖြစ်နေတဲ့ အဝန်းအဝိုင်း တစ်ခုကိုပဲ ဆိုလိုတယ်လို့ ထင်ပါသလား ?
တစ်ကယ်တော့ အပြင်ပဲ ထွက်ထွက်၊ အိမ်ထဲမှာပဲ နေနေ မိမိရှူရှိုက်နေတဲ့ လေထုထဲမှာ အဆိပ်ရှိတဲ့ ဒါမှမဟုတ် ဘေးဥပါဒ်ဖြစ်စေတဲ့ အရာတွေပါနေပြီဆိုရင် လေထုညစ်ညမ်းသွားပါပြီ။
လေထုညစ်ညမ်းစေတဲ့ အဓိက အမျိုးအစား နှစ်မျိုးဟာ များလာပြီဆိုရင် အဆုတ်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေတာဖြစ်လို့ ရောဂါအခံရှိသူများ အနေနဲ့ ပိုခံရနိုင်ပါတယ်။
ပထမအမျိုးအစားကတော့ ယာဥ်တွေရဲ့ အင်ဂျင်အိပ်ဇောက ထွက်လာတဲ့ အငွေ့ပျံ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေနဲ့ ယာဥ်တွေမှာ အင်ဂျင်လောင်စာဆီ လောင်ကျွမ်းရာက ပါလာတဲ့ နိုက်ထရိုဂျင် အောက်ဆိုဒ်တို့ ဓာတ်ပြုရာကနေ ပေါ်ထွက်လာတဲ့ မီးခိုးမြူ " Ground Level Ozone or Smog (Smoke + Fog) " ပဲ ဖြစ်ပါတယ်။
နောက်အမျိုးအစား.တစ်မျိုးကတော့ လေထုထဲမှာ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင် အလွန်တရာသေးငယ်တဲ့ လေထုညစ်ညမ်းစေတဲ့ အမှုန်အမွှား တွေပဲဖြစ်ပါတယ်။ သစ်သားတွေ၊ ဓာတ်အားပေးစက်ရုံတွေ ၊ လောင်စာတွေ လောင်ကျွမ်းရာက ထွက်လာတဲ့ မီးခိုးတွေ၊ အမှိုက်မီးရှို့ရာက ထွက်လာတဲ့မီးခိုးတွေမှာ ပါတဲ့ အရာလဲဖြစ်ပါတယ်။
ရာသီဥတု ပူပြင်းပြီး လေလုံးဝမတိုက်တာ ဒါမှမဟုတ် လေငြိမ်နေတဲ့ အချိန်တွေမှာ အိုဇုန်းရဲ့ လေထုညစ်ညမ်းစေတဲ့ ပမာဏတွေဟာ ကျန်းမာရေးထိခိုက်စေတဲ့ ပမာဏကို ပုံမှန်ထက် မြန်မြန် ရောက်ရှိလာစေပါတယ်။ ပမာဏ အများဆုံးကိုတော့ ညနေ အလုပ်ဆင်းချိန်တွေမှာ ပိုတွေ့ရတတ်ပြီး အနည်းဆုံးကိုတော့ မနက် အလုပ်မသွားခင်ဖြစ်တဲ့ နေမထွက်ခင် အချိန်တွေမှာ တွေ့ရပါတယ်။
လေထုညစ်ညမ်းတာက အဆုတ်ကို ဘယ်လို ထိခိုက်စေလဲ?
ညစ်ညမ်းတဲ့လေထုကို ရှူရှိုက်မိတဲ့အခါအသက်ရှူလမ်းကြောင်းကို ဆွပေးတာကြောင့် မောလာမယ်၊ တရွှီရွှီမြည်ပြီး ကြပ်လာမယ်၊ ပန်းနာရင်ကြပ် ရောဂါသည်တွေဆို လေပြွန်ကျဥ်းပြီး အသက်ရှူရ ပိုပိုကြပ်လာမယ်၊ ရင်ဘတ်တွေအောင့်မယ် စတာတွေ ဖြစ်ပွားနိုင်ပါတယ်။ညစ်ညမ်းတဲ့ လေထုနဲ့ထိတွေ့လေ အဆုတ်ကင်ဆာဖြစ်ဖို့၊ နှလုံးကြွက်သား တိုက်ခိုက်ခံရရပြီး လေဖြတ်ဖို့ ၊ အရမ်းဆိုးရင် သေနိုင်တဲ့ အခွင့်အရေး ပိုများလာလေပဲ ဖြစ်ပါတယ်။
လေထုညစ်ညမ်းတာဟာ ဘယ်လိုလူတွေမှာ အဆုတ်ကျန်းမာရေးကို ပိုအန္တရာယ် ဖြစ်စေလဲ?
- အသက်မြန်မြန်ရှူကြတဲ့ ၁၂ နှစ်အောက် ကလေးတွေ၊
- အသက်ရှူနှုန်း မြန်တဲ့ လူကြီးတွေ၊
- အပြင်မှာ အလုပ်ထွက်လုပ်ရတဲ့ သူတွေ၊
- နှလုံးနဲ့ အဆုတ်ရောဂါ အခံ ရှိသူတွေ ပဲ ဖြစ်ပါတယ်။
လေထုညစ်ညမ်းတာကို သေချာသိနိုင်အောင် ဘာတွေလုပ်နေကြပြီလဲ?
အမေရိကန်နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အေဂျင်စီကတော့ လေထုညစ်ညမ်းတဲ့ ပမာဏ ကိုစောင့်ကြည့်မှန်းဆ ဖို့အတွက် သုညကနေ ငါးရာအထိ အမှတ်တွေနဲ့ အရောင်တွေပါတဲ့ Air Quality Index (AQI) စနစ်ကို စတင်အသုံးပြုနေပြီ ဖြစ်ပါတယ်။ နိုင်ငံလုံးဆိုင်ရာ စံသတ်မှတ်ထားတဲ့ ကွာလတီကတော့ AQI-100 ပဲ ဖြစ်ပါတယ်။
100 ထက်ကျော်သွားရင်တော့ လေထုညစ်ညမ်းတာ ပိုဆိုးလာတာဖြစ်ပြီး ကျန်းမာရေး အန္တရာယ်ရှိလာတာကြောင့် အရောင်တွေကနေ တစ်ဆင့် အကြံပြုတဲ့ အချက်တွေကို လိုက်နာကျင့်သုံးရမှာ ဖြစ်ပါတယ်။
လေထုညစ်ညမ်းတာဟာ ကမ္ဘာကြီးအတွက်၊ မိတ်ဆွေအတွက် အရေးကြီးတယ်လို့ထင်ပါသလား? ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်